ထေရဝါဒဗုဒ္ဓဒေသနာနှင့်ဝိပဿနာ ပြန့်ပွားရေးအသင်း
Tharthana Flag

ကျွန်ုပ်တို့အကြောင်း

ပဓာန နာယက ဆရာကြီးဦးဌေးအောင် (မဟာသဒ္ဓမ္မ ဇောတိကဓဇ)

ဆရာကြီး ဦးဌေးအောင် (မဟာသဒ္ဓမ္မ ဇောတိကဓဇ)၏ ဘိုးဘွား၊ မိဘ၊ ဘကြီး၊ ဘထွေး အားလုံးသည် သာသနာတော်၌ အထူးထင်ရှားသော သူတော်ကောင်းမျိုးရိုး၊ ပတ်ဝန်းကျင်ကောင်းကို ရရှိခဲ့ရုံသာမက၊ ကျမ်းတတ်၊ စာတတ် ပေတတ် ပုဂ္ဂိုလ်ကြီးများ၏  အထူးဝါယမ စိုက်ထုတ် သင်ကြားမှုကို ရရှိခဲ့ပါသည်။

အထူးအားဖြင့် စစ်တွင်းကာလ စစ်ကိုင်းတောင်ရိုး၌ သာမဏေဝတ်ဖြင့် ဘကြီးဘုန်းကြီး ရတနာဓူဝံချောင် ဆရာတော် ဦးဇနိန္ဒက ပါဠိဘာသာနှင့် ဗုဒ္ဓကျမ်းစာများကိုလည်းကောင်း၊ ဖခင်ကြီး ဦးသိန်းအောင်က ပါဠိဘာသာ၊ ဗောဓိချောင် ဆရာတော်က ပါဠိသဒ္ဒါ နှင့် ရူပသိဒ္ဓိဘာသာ၊ မန္တလေး အမှတ် (၁) အထက်တန်း ကျောင်းအုပ်ဆရာမကြီး ဒေါ်ကြင်မြိုင်က သင်္ချာဘာသာ၊ လျှော်ဖြူချောင်ဆရာတော်က နက္ခတ်ဗေဒပညာ၊ ဖခင်ကြီး ဦးသိန်းအောင်နှင့် ဘကြီး ဘုန်းကြီး (၂)ပါးက အင်္ဂလိပ်စာ စသည်ဖြင့် ဘာသာစုံကို အကျိုးရှိအောင် သင်ကြားပေးခဲ့ကြပါသည်။

လောကီအတန်းပညာသာမက ဗုဒ္ဓကျမ်းစာများကိုပါ ထိရောက်စွာသင်ယူခွင့်ရခဲ့ပြီး၊ ၁၉၄၇ ခုနှစ်၌ ရဟန်းဝတ်ဖြင့် (၁၀)တန်း ဖြေဆိုအောင်မြင်ခဲ့သည်။ မန္တလေးတက္ကသိုလ်၌ ဥပစာတန်းကို ရဟန်းဝတ်ဖြင့် ရူပဗေဒ၊ ဓါတုဗေဒ၊ သင်္ချာဘာသာတွဲဖြင့် တက်ရောက်၍ ၁၉၅၂ ခုနှစ်တွင် BSC ဘွဲ့ ရရှိခဲ့သည်။ ၁၉၅၃ ခုနှစ်တွင် လူဝတ်ဖြင့် ရန်ကုန်တက္ကသိုလ်၌ ရူပဗေဒ မဟာသိပ္ပံတန်းကို တက်ရောက်ခဲ့သည်။ ၁၉၅၄ ခုနှစ်၌ မိုးလေဝသဘာသာရပ်ကို သင်ယူလေ့လာရန် အမေရိကန်နိုင်ငံ ဖလော်ရီဒါ တက္ကသိုလ်သို့ ပညာတော်သင်သွားရောက်ခဲ့သည်။ အမေရိကန်နိုင်ငံ ဖလော်ရီဒါတက္ကသိုလ်၌ မိုးလေဝသပညာအပြင် ပါမောက္ခ၏ အထူးခွင့်ပြုချက်ဖြင့် Social Sciences (လူမှုသိပ္ပံဘာသာ)၊ Biological Sciences (သက်ရှိသိပ္ပံဘာသာ)၊ Sociology (လူမှုဘာသာ)၊ Oceanology (အဏ္ဏဝါဗေဒဘာသာ)၊ Genetic Biology (မျိုးရိုးဗီဇဆိုင်ရာ ဇီဝဗေဒ) ဘာသာရပ်များကို သင်ယူခွင့် ရရှိခဲ့သည်။

ထိုလူမှုသိပ္ပံဘာသာရပ်များနှင့် သက်ရှိသိပ္ပံဘာသာရပ်များသည် ဆရာကြီး ဦးဌေးအောင်အား နောင်တွင် ဗုဒ္ဓဒေသနာများကို ပို့ချရာ၌ ကြီးမားသော အထောက်အပံ့ဖြစ်ခဲ့ပါသည်။ ၁၉၈၁ ခုနှစ်မှစ၍ ဗုဒ္ဓဒေသနာများကို စတင်ဟောပြောဆွေးနွေး ရာမှတဆင့် သင်တန်း ပို့ချသည် အထိ ဆောင်ရွက်ခဲ့ပါသည်။

၁၉၈၉မှစ၍ မန္တလေးမြို့ နိုင်ငံတော်ပရိပတ္တိသာသနာ့တက္ကသိုလ်၊ ဗုဒ္ဓ‌ဒေသနာ ပြန့်ပွားရေး ဌာနခွဲ တွင်တွဲဘက်အတွင်းရေးမှူး အဖြစ်ဆောင်ရွက်ခဲ့သည်။ မန္တလေးကျောင်းထိုင် ဘုန်းတော်ကြီး သင်တန်း ကျောင်းတွင်လည်း သံဃာတော်များအား ဗုဒ္ဓဒေသနာတော် ပြန့်ပွားရေးကို တာဝန်ယူပို့ချပေးခဲ့ပါသည်။

ဆရာကြီးသည် သာသနာ့တက္ကသိုလ်များ၌ ရဟန်းတော်များကိုလည်းကောင်း၊ လူပုဂ္ဂိုလ်များကို လည်းကောင်း၊ နှစ်ပေါင်း(၃၀)ကျော်သည်အထိ ဗုဒ္ဓဒေသနာတော်များကို ခေတ်မှီသိပ္ပံပညာ၏ အထောက်အကူများဖြင့် ပို့ချသင်ကြားပေးခဲ့ပါသည်။

သာသနာထွန်းကားပြန့်ပွားရေးကို အရှိန်မပျက်ဆက်လက် ဆောင်ရွက်နိုင်ရန် ထေရဝါဒဗုဒ္ဓဒေသနာ နှင့် ဝိပဿနာပြန့်ပွားရေးအသင်းများကို ရန်ကုန်၊ မန္တလေး တို့တွင် ဖွဲ့စည်းစေ၍ မတည်ငွေ ကျပ်သိန်း(၅၀၀)စီ လှူဒါန်းပေးခဲ့ခြင်းဖြင့် သာသနာတော် တည်တံ့ပြန့်ပွားရေးအတွက် ရေရှည်မျှော်ကိုး ဆောင်ရွက်ခဲ့ပါသည်။ ဆရာကြီး ဦးဌေးအောင်သည် နိုင်ငံတော်မှ ၂၀၀၅ ခုနှစ်တွင် မဟာသဒ္ဓမ္မဇောတိကဓဇဘွဲ့ ကိုလည်းကောင်း၊(၂၆.၆.၂၀၁၁)နေ့တွင် နိုင်ငံတော်သံဃနာယကအဖွဲ့ဥက္ကဌ ဗန်းမော် ဆ‌ရာတော်ကြီး အရှင်ကုမရဘိဝံသနှင့်နိုင်ငံတော်အစိုးရ၊ သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးတို့ လက်မှတ် ရေးထိုးသောသာသနာ ဂုဏ်ထူးဆောင် မော်ကွန်းတင် ဂုဏ်ပြုလွှာကို ပေးအပ်ချီးမြှင့်ခြင်းခံခဲ့ရပါသည်။